ရခိုင်ပြည်နယ်၌ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်တွေ   စက်တင်ဘာ ၁၂

(၂၃)ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊​ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေ့ဦးစွာ ဖွင့်ပွဲအခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ဖြင့် ဖွင့်လှစ်ပြီး (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှစတင်ကာ နိုင်ငံတော်မှဦးဆောင်ပြီး အမျိုးသားယဉ်ကျေးမှု တိုးတက်မြင့်မားရေး ဦးတည်ချက်များဖြင့် နိုင်ငံတစ်ဝှမ်းတွင် နှစ်စဉ်ကျင်းပခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ရပ်တန့်သွားခဲ့ကြောင်း၊ ယင်းအကျိုးဆက်အဖြစ် လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုများ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များလျော့ပါးလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်လာကြသည်ကို တွေ့မြင်လာရကြောင်း၊ ရိုးရာယဉ်ကျေးမှု အနုသုခုမများ မှေးမှိန်သွားသည့်အခါ နေ့စဉ်ဖြတ်သန်းနေရသည့် လူမှုဘဝ၌အပြန်အလှန် လေးစားမှုများ၊ ဂါရဝတရားများပါ ကွယ်ပျောက်လုနီးပါး ဖြစ်လာရကြောင်း၊ ယနေ့သည် နိုင်ငံတော်အဆင့် သွားရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်မောင်မယ်များကို ရွေးချယ်သည့် တနည်းအားဖြင့် ရွက်ပုန်းသီး ဝါသနာရှင်များကို ရှာဖွေဖော်ထုတ်သည့် ပွဲတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ ရခိုင်လူမျိုးများသည် ရှေးဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းများစွာအကတည်းက ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ခဲ့သည့် တိုင်းရင်းသားလူမျိုးများဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က နှစ်စဉ်ကျင်းပသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတို့တွင်လည်း ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများကို အဆင့်အတန်းရှိစွာဖြင့် အောင်ပွဲဆင်ရယူနိုင်ခဲ့ကြကြောင်း၊ ယခုပြိုင်ပွဲကြီး စည်ကားစွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်အသီးသီးမှ ​ပညာရှင်များအနေဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ပြိုင်ပွဲဝင်နိုင်အောင် လာရောက်ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲများကို အခက်အခဲများကြားမှ ငွေကုန်ကြေးကျခံကာ ကျင်းပပြုလုပ်ပေးခဲ့သော ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဦးတည်ချက် ၄ ရပ်နှင့်အညီ အဆင့်အတန်းရှိစွာ ပါဝင်ယှဉ်ပြိုင် သွားကြရမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့်လည်း  မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို နိုင်ငံအတွင်း ပြန့်ပွားအောင်ဆောင်ရွက်ကာ ရခိုင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ (၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) တွဲဖက်ပါမောက္ခ၊ ဆရာဦးသောင်းမြင့်ထွန်း ရေးစပ်သီကုံးထားသည့် ''အမွေအနှစ်မြေ'' တေးသီချင်းအား ပြိုင်ပွဲဝင်များက သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက ပြိုင်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြိုင်ပွဲအကဲဖြတ်အမှတ်ပေးရေးနှင့် ဆုရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အမှတ်ပေး စည်းမျည်း စည်းကမ်းများတို့ကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးဆု၊ ငွေတံဆိပ်နှစ်ဆု၊ ကြေးတံဆိပ်ငါးဆု အဆိုရှင်  ဦးဇော်နေညွန့်က ''မိုး'' သီချင်းဖြင့်လည်းကောင်း၊ အက ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်တစ်ဆု၊ အထူးဆုတစ်ဆု ရရှိထားသည့် ဦးလှမောင်ထွန်းက ''ခိုင်ပန်းစုံ'' သီချင်းဖြင့်လည်းကောင်း၊ ခမီယဉ်ကျေးမှုအဖွဲ့က''ဖိတ်ခေါ်သံ''ယိမ်းအကဖြင့်လည်းကောင်း၊ (၂၂) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ''ရထားပန်းယိုင်ဆွဲကတ်မေ'' ယိမ်းအကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ ထိကျင်းပလျက်ရှိရာ အဆို၊ အက၊ တီးပြိုင်ပွဲများကို စစ်တွေမြို့ဦးဥတ္တမခန်းမ၌လည်းကောင်း၊ အရေးပြိုင်ပွဲကို စစ်တွေမြို့၊ ယဉ်ကျေးမှုပြတိုက်၌လည်းကောင်း ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် (၁၃၆)ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအလိုက် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)