လောက်ကိုင် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အသိပညာပေးပြုလုပ်၍ Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုံခုနစ်ဆင့်(အသစ်)အဝိုင်းအနီး၊ ဗမာတန်းလမ်းမကြီးပေါ်ရှိ လူစည်ကားရာနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campagin ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများကို ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများပြား လာနေသည့်အတွက် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွါပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာကြရန်နှင့် အပြင်မှပြန်လာတိုင်း လက်ကိုစက္ကန့် (၂၀)ကြာ စနစ်တကျဆေးကြောကြရန် စသည့်အကြောင်းအရာ များကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပြီး Mask တပ်ဆင်သွားလာခြင်းမရှိသော လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အလားတူပင် အမှတ်(၁)ရပ်ကွက်၊ ကြာပန်းအဝိုင်းနှင့် အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းအဝိုင်း တို့တွင်လည်း Mask Campagin ပြုလုပ်ခြင်းကို တစ်ချိန်တည်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် Mask အခုရေ (၅၀၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန် အသိပညာပေးတိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယု