အုတ်ဖို စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၌ ရောဂါဖြစ်ပွားလျက်ရှိသည့်မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများအား ထားရှိသည့် Quarantine Center များသို့ တိုက်နယ် ဆေးရုံ ဆရာဝန် ဒေါက်တာသီရိရွှေဇင်လှိုင်နှင့် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါက်တာသီရိရွှေဇင်လှိုင်နှင့် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဝင်များက သာသနာ့ရက္ခိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း Quarantine Center တွင် ထားရှိသည့် ရန်ကုန်မြို့မှပြန်လည်ရောက်ရှိလာသူ (၃)ဦး နှင့် အေးမြသာယာ အခြေခံ ပညာအလယ်တန်းကျောင်း Quarantine Center တွင်ထားရှိသည့် ရန်ကုန်မြို့မှ ပြန်လည် ရောက်ရှိလာသူ (၃)ဦးတို့အား ကျန်းမာရေးစစ်ဆေးကာ အားပေးစကား ပြောကြားခဲ့သည်။ အလားတူ ယမန်နေ့က အေးမြသာယာ (JMKS)အထည်ချုပ်စက်ရုံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေငြာထားသည့် လမ်းညွှန်ချက်များ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် အသိပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)