နမ္မတူတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

နမ္မတူ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ခိုဖိတ်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းက မိုးကြိုကာလ ဧပြီလနှင့်မေလ၊ မိုးနှောင်းကာလ အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် များသောအားဖြင့် မိုးကြိုးပစ်ခြင်းဖြစ်ပေါ်လေ့ရှိကြောင်း၊ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မှ ကြိုတင်လုပ်ဆောင်ရန် အချက်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင်နှင့် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်အချက်များ စသည့်ဖြင့်မိုးကြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နည်းလမ်းများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး(၈)မျိုးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဒုတိယဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။

လူမော်(ပြန်/ဆက်)