မိုင်းဖြတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်မြေသားဘောင်ကျိုးမှုဖြစ်ပွား

မိုင်းဖြတ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်   မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်အထက် လက်ဝဲဘက်အပိုင်းရှိ မြေသားဘောင် ပေ(၅၀)ခန့် ကျိုးပြတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေသားဘောင်ကျိုးပြတ်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်အောင်တို့က ဖြစ်ပွားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ နမ့်ဖက်ချောင်း ရေကြီးရေလျှံခြင်းကြောင့် ဝမ်လုံးရေလွှဲဆည်ရှိ ရေထွက်ပေါက်များ၌ အမှိုက်များ၊ သစ်ကိုင်းများပိတ်ဆို့ခြင်းတို့ကြောင့် ရေလွှဲဆည်အထက်ပိုင်း လက်ဝဲဘက်အခြမ်း မြေသားဘောင် ပေ(၅၀)ခန့် ကျိုးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၄၀)သိန်းခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မူလအတိုင်း ရေပြန်လည်စီးဆင်းနိုင်ရေးအတွက် တာဝန်ရှိသူများက ပိတ်ဆို့ခဲ့သည့် အမှိုက်များ၊ သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားလျက်ရှိပြီး  အခြား မိုးစပါး စိုက်ခင်းများ ပျက်စီးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)