မိတ္ထီလာ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်က ရန်မျိုးအောင်ရပ်ကွက်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
မိတ္ထီလာမြိုပေါ်ရှိ ရပ်ကွက်နေပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိစေရေးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် စက်တင်ဘာလ ပထမပတ်စတင်၍ မိတ္ထီလာမြို့ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအား လိုက်လံရောင်းချပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် အောင်ဇေယျာရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအား ရောင်းချပေးခဲ့ပြီး ယခုရောင်းချပေးလျက်ရှိသည့် အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များမှာ ဒုတိယအကြိမ်မြောက် ရောင်းချ ပေးခြင်းဖြစ်သည်။
ထိုသို့ ရောင်းချပေးရာတွင်လည်း အခြေခံစားကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ငါးသေတ္တာ ဘူး၊ မျှစ်စားတော်စည်သွပ်၊ ကြက်အာလူးစည်သွပ်၊ အမဲဘူး၊ ငါးပိကြော်၊ သရက်သီးသနပ်၊ ပဲထောပတ်၊ CHOICE ဘီစကစ်၊ Marie ဘီစကစ်၊ မှော်ဘီခေါက်ဆွဲခြောက်နှင့် ဟင်းသီးဟင်းရွက်များသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ ဂေါ်ရခါးသီးတို့ကို ရောင်းချပေးလျက်ရှိသည်။ ယင်းသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည် ၁၄၀၀ ကျပ် ၊ စားအုန်းဆီ တစ်ဘူး ၃၀၀၀ ကျပ်၊ ဆား တစ်ထုပ်လျှင် ၁၀၀ ကျပ် ၊ ကြက်ဥ တစ်လုံး ၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ထုပ် ၁၆၀၀ကျပ်နှင့် ခရမ်းချဉ်သီး တစ်ထုပ်လျှင် ၉၀၀ ကျပ်နှုန်းဖြင့် အခြေခံလူတန်းစား ၅၀၀ ကျော်အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)