သီပေါ စက်တင်ဘာ ၁၂
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် (၉)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဇာတ်လမ်းမောင်ခေတ်ထွန်းရေးသားပြုစု၍ ရုပ်ပုံသရုပ်ဖော် မောင်ဦး၏ “မောင်မောင်၏လက်ဆေးကဗျာ” စာအုပ်ပါ ရုပ်ပုံနှင့်ကဗျာများကို ဖတ်ပြရှင်းလင်းခဲ့ကာ ကျောင်းသား၊ ကျောင်းသူကလေးငယ် များနှင့်အတူ လက်ဆေးပါကဗျာအား သံပြိုင်ညီညာရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ အသိပညာပေး ရုပ်ပြကာတွန်း စာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံစာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ကျောင်းသူကလေးငယ်များက အသိပညာပေး စာအုပ်များကို စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမား ပပျောက်ရေး ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအားပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)