မောက်မယ်မြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့်ကျောင်းကြက်ခြေနီ လည်စည်းပေးအပ်ပွဲကျင်းပ

မောက်မယ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှကျောင်းသား/ ကျောင်းသူများအား ပေါက်ကွဲစေနိုင်သည့် စစ်အကြွင်းအကျန်များဖြစ်သည့် မိုင်းအန္တရာယ်များကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ကျောင်းကြက်ခြေနီအဖြစ်ရွှေးချယ်ခံရသော စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီက မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကြက်ခြေနီလည်စည်းပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောက်မယ်မြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်အောင်က ပေါက်ကွဲ စေနိုင်သည့် စစ်အကြွင်းအကျန်များဖြစ်သည့် မိုင်းအန္တရာယ်များကို သိရှိနားလည်နိုင်စေရန် မိုင်းအမျိုး အစားများ၊ ဖော်ပြပါမိုင်းများ ပေါက်ကွဲနိုင်သောကြောင့် အသက်ဆုံးရှုံးခြင်း/တစ်သက်လုံး ဒုက္ခိတဖြစ် နိုင်ခြင်း၊ စစ်လက်နက်အကြွင်းအကျန်များ၏ ဝေးရာတွင်နေရန်နှင့် ရှောင်ရှားတတ်စေရန်၊ မိမိနှင့် အကျွမ်းတဝင်မဖြစ်သောဒေသတွင် ခရီးသွားပါက လူအများအသုံးပြုသောလမ်းမများ/လမ်းကြောင်း များအသုံးပြုရန်၊ ဒေသခံလူများအားအန္တရာယ်ရှိ/မရှိ မေးမြန်းရန်စသည့် အကြောင်းအရာများ ဆွေးနွေးပြောကြားပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ မြို့နယ်တပ်ဖွဲ့မှူးက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး  ကျောင်းကြက်ခြေနီလည်စည်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်ထံသို့ မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်အောင်က ပေးအပ်ခဲ့ပြီး  ကျောင်းကြက်ခြေနီအသင်းဝင် ကျောင်းသား/ ကျောင်းသူများ၏လည်တွင် တာဝန်ရှိသူများက စည်းပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)