မိတ္ထီလာ စက်တင်ဘာ ၁၂
၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ခရိုင်အတွင်းမှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိတ္ထီလာမြို့၊ အောင်မင်္ဂလာခန်းမတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကား ပြောကြားပြီး ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးက ရှင်းလင်းပြောကြားသည်။
၎င်းနောက် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ်များမှ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများကလည်းကောင်း၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား မိတ္ထီလာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း၊ မိတ္ထီလာခရိုင်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ လေးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၆၀) ဦးနှင့် သုံးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၄၄) ဖြစ်ပြီး ဂုဏ်ထူးဖြင့်အောင်မြင်သူ စုစုပေါင်း (၂၀၄) ဦးဖြစ်ကြောင်း သတင်းရရှိသည်။
ချမ်းသာ