လမ်းမတော်မြို့နယ် UMFCCI တွင် “ကိုဗစ်-၁၉ ကာလအတွင်း သင့်စီးပွားရေးကို မြှင့်တင်လိုက်ပါ” ခေါင်းစဉ်ဖြင့် SME အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

လမ်းမတော် စက်တင်ဘာ ၁၅

လမ်းမတော်မြို့နယ် UMFCCI တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကြီးမှူး၍ “SME စကားဝိုင်း ကိုဗစ်-၁၉ ကာလအတွင်း သင့်စီးပွားရေးကို မြှင့်တင်လိုက်ပါ” ခေါင်း စဉ်ဖြင့်ဆွေးနွေးပွဲအား ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအခက်အခဲများ၊ ရေရှည်ပြန်လည်ကုစားနိုင်ရေး အစီအမံများ၊ မဟာဗျူဟာများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး မဟာဗျူဟာ၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ဘာသာရပ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ကိုဗစ်ရဲ့ ပုံစံသစ် New Normal ကာလမှာ နိုင်ငံရဲ့ ကျောရိုးစီးပွားရေးဖြစ်တဲ့ MSMEs လုပ်ငန်းများ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် Digitalization of SMEs နဲ့ Digitalization of Commerce အပါအဝင် နည်းလမ်းမျိုးစုံကို ဖော်ထုတ် လုပ်ကိုင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ကိုဗစ်ရောဂါ စတင်ဖြစ်ပေါ်လာပုံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြု လူနာစာရင်း၊ Social Distancing ကြောင့် လူမှုဆက်ဆံရေးပုံစံများပြောင်းလဲလာပုံ၊ UMFCCI ၏ ဇွန်လ Quarterly Business Sentiment Survey လေ့လာချက်အရ ကိုဗစ်ကြောင့် ထိခိုက်မှုအများဆုံး စီးပွားရေးလုပ်ငန်းများ၊ ထိခိုက်မှု ရာခိုင်နှုန်းများ၊ ပြောင်းလဲလာသော New Normal နှင့် ကိုက်ညီစေရန် စီးပွားရေးစီမံခန့်ခွဲမှု၊ စီမံအုပ်ချုပ်မှုပုံစံများ၊ လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဝါရင့် SME လုပ်ငန်းရှင်များနှင့် စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်ဖြစ်ပြီး ကိုဗစ်-၁၉ အလွန်တွင် MSMEs များ၏ ရှင်သန်ရပ်တည်ရေး မဟာဗျူဟာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ Moderator အဖြစ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းထွဋ်မှ ဆောင်ရွက်ပြီး Panelist များအဖြစ် တော်ဝင်မြင့်မိုရ် ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဒေါ်အေးအေးမူ၊ Genius Shan Highlands Coffee မှ Founder ဦးငွေထွန်း၊ Earth Group of Companies မှ President ဒေါ်ခိုင်ဇော်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် အသင်းချုပ်ဒုတိယဥက္ကဋ္ဌ၊ Myanmar Japan Center ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုး သက်မှ အရေးပေါ် အခြေအနေများအတွင်းတွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ Business Management Strategies များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် JICA Myanmar Office အကြီးတန်းဌာနေကိုယ်စားလှယ် Mr. KON Tetsutaro မှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မိမိအနေဖြင့် ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသော သဘောတရားရေးဆိုင်ရာ အခြေခံများ၊ ထုတ်လုပ်မှု ကဏ္ဍအသီးသီးအကြောင်းများ၊ မြေပြင်တွင် လက်တွေ့ကြုံတွေ့နေရသော လုပ်ငန်းတစ်ခုချင်းစီ၏ ရင်ဆိုင်ဖြတ်သန်းမှု အတွေ့အကြုံများ၊ ဈေးကွက် ဆိုင်ရာ အလားအလာများ၊ ကိုဗစ်အလွန်တွင်လည်း အောင်မြင်ရန် မည်သို့ လုပ်ကိုင်ဆောင်ရွက်မည် ဆိုသည်များအား နားထောင်သိရှိရပြီး JICA မှ SME လုပ်ငန်းများ ဖွံ့ဖြိုးစေရန်အတွက် အမေရိကန် ဒေါ်လာ ၄၇ သန်း သုံးစွဲ ခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုး သက်တို့ တက်ရောက်ခဲ့ကြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အရာရှိကြီးများ၊ Myanmar Japan Center အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ SME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကျော်ဆန်းမြင့်