ကျောက်ဆည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ ယနေ့နံနက်(၇)နာရီက ပြည်ပန်းကျေးရွာအုပ်စုမှ ပြည်ပန်း၊ တာတိုင်၊ ပေါက်ကုန်းကျေးရွာများမှ ပြည်သူများအား သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ (၅၉၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ နေလသုခဆီအရောင်းဆိုင်မှ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာ(၅၉၀၀)နှုန်းဖြင့် ပြည်ပန်းကျေးရွာမှ အိမ်ထောင်စု(၃၀၀)စု၊ တာတိုင်ကျေးရွာမှ အိမ်မထောင်စု(၂၀)စု၊ ပေါက်ကုန်းကျေးရွာမှ အိမ်ထောင်စု (၁၈၀)စု၊ စုစုပေါင်း အိမ်ထောင်စု(၅၀၀)စုအားရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူများကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ပြည်သူများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိရေးနှင့် အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ (၂) ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး စနစ်တကျကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်