ကျောက်ဆည်မြို့နယ်တွင် ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ကျောက်ဆည်  စက်တင်ဘာ  ၁၂

ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့်  စပါးသီးနှံကို အဓိထား စိုက်ပျိုးကြသော်လည်းယာမြေများနှင့်ကိုင်း၊ကျွန်မြေများတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ဟင်းသီး၊ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ငရုပ်စသည့် သီးနှံမျိုးစုံလည်း စိုက်ပျိုးကြကြောင်း သိရှိရကာ ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကီလိုမာလကာသည် စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချရာတွင် ခေါင်းရွက်၊ဗျက်ထိုးဈေးသည်များမှ တစ်နေ့တာကုန်သလောက် မာလကာ ခြံထဲအထိလာပြီး အသီးအကြီးအသေးအပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ်(၈၀)မှ(၁၅၀)ကျပ်ဖြင့် နေ့စဉ်လာ၍ဝယ်ယူကြောင်း၊ မိသားစုအပိုဝင်ငွေလေးရရှိရေး (၆)နှစ်သက်တမ်းရှိ ကီလိုမာလကာ အပင် (၁၀၀)ကျော် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် သင်ပျိုကျေးရွာမှ မာလကာခြံပိုင်ရှင် ဒေါ်အေးသီတာက ပြောပြသည်။

မာလကာစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်စေရန်နှင့် အသီးလုံးလှစေရန်အတွက် တစ်ပင်နှင့်တစ်ပင်(၁၂)ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း(၁၅)ပေခန့်ခြားကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများ သီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် မာလကာသီးများကို စက္ကူဖြင့် ပတ်ကာအိတ်များစွတ်ထားပေးရကြောင်း၊ အိတ်စွတ်ပြီးနှစ်လအကြာတွင် မာလကာသီးများ ခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်ဖြင့်  စိုက်ပျိုးနိုင်ပြီး ဝင်ငွေလွယ်ကူစွာ ရရှိသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သက်မောင်