သာစည် စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသလမ်းဆုံ စာဖတ်ဝိုင်းတွင် စာရေးဆရာအောင်ပိုင်၊ စာရေးဆရာဖိုးရာဇာနှင့် စာရေးဆရာဆူးဖြူတို့က တက်ရောက်လာသည့် စာပေဝါသနာရှင်များ ကဗျာရေးသားလိုပါက အထောက်အကူရရှိစေရန် မိမိတို့၏ ကဗျာရေးသားနည်း အတွေးအမြင်များကို မျှဝေဆွေးနွေးပေးကြသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် စာရေးဆရာများက စာရေးဆရာမင်းသုဝဏ်၏ နှင်းဆီပွင့်ကဗျာနှင့်ပျဉ်းမငုတ်တို ကဗျာတို့အပေါ် မိမိတို့၏အတွေးအမြင်များကို ဆွေးနွေးကြသည်။ ရသလမ်းဆုံစာဖတ်ဝိုင်းကို တစ်လလျှင် တစ်ကြိမ် ပြုလုပ်ဆွေးနွေးကြပြီး စာရေးဆရာများက စာပေရေးသားနည်းနှင့် ကဗျာရေးသားနည်းတို့ကို တက်ရောက်လာသည့် စာပေဝါသနာရှင်များအား မျှဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှ စာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)