ဒဂုံအရှေ့ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ် ၇ရပ်ကွက် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်ပိုင်း ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်လင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့မှူး ဦးစိုးမြင့်လွင်က ပြောကြားရာတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ပေါ်ပေါက်လာပုံ၊ အခမ်းအနား ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်းအသင်းမှ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့ပြီး နောက်ဆုချီးမြှင့်ပေးရာတွင် မြို့နယ်အတွင်း မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၏ အရေးပေါ် ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုပေးခြင်းနှင့် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ကြက်ခြေနီအသင်းခွဲသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲတစ်ခုဖြစ်ရာ ၁၉၉၅ခုနှစ်မှစ၍ ယနေ့တိုင် ရပ်ရွာလူထုအတွင်း ဘေးဒုက္ခကျရောက်နေသူများအား အသင်း၏ တပ်ဖွဲ့တာဝန်ရှိသူနှင့် တပ်ဖွဲ့ဝင်တို့မှ ကူညီပေးခြင်း၊ ကျန်းမာရေး အသိပညာဖြန့်ဝေခြင်း၊ ကြက်ခြေနီ၏ အကူအညီများ အများပြည်သူများ သိရှိနိုင်ရေး ကြိုးစားဆောင်ရွက်နေမှု၊ ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်နှင့်အညီ နိုင်ငံတော်၏ အရန်အင်အားအဖြစ် ယနေ့ထိတိုင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့မှူးထံမှ သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)