ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် နှစ်(၇၀)ပြည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်ကျင်း ပမြဲဖြစ်သည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ/ အောင်ပွဲကြီးကို စက်တင်ဘာ(၁၁)ရက် (တော်သလင်းလပြည့်ကျော် ၂ ရက်) နေ့တွင် အနယ်နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများ၊ နယ်လှည့်ဈေးသည်များ၊ ဒေသခံဈေးသည်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲအောင်ပွဲကို နှစ်စဉ်တော်သလင်းလပြည့်ကျော် (၂)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး၊ တော်သလင်းလဆန်း (၁၃/၁၄)ရက်နေ့မှ စတင်၍ အနယ်နယ်အရပ်ရပ်မှ ဘိုးတော်အောင်မင်းခေါင်အား ယုံကြည့်ကိုးကွယ်ကြသူများ အဖွဲ့လိုက်သော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း လာရောက်ကြပြီး၊ အဓိဌာန်ဝင်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ အဘအောင်မင်းခေါင်ထံပွဲဆက် သခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ တော်သလင်းလပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်/နှစ်ရက်နေ့များတွင် အိုးစည်ဗုံမောင်းများ တီးခတ်လှည့်လည်ခြင်း၊ နတ်ပွဲပေးခြင်းနှင့် ပုပ္ပားတောင်ကလပ်ဝန်းကျင်ရှိ သံဃာတော်များအား ဆွမ်းနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်၍ အဆိုပါ တော်သလင်းလပြည့်နေ့ ညနေ ၄ နာရီ (၁၅)မိနစ် တွင် ဘိုးတော်အောင်မင်းခေါင်အား ယုံကြည်ကိုးကွယ်သူများက ဘိုးတော်အား မြှုတ်နှံရာ ဂူရှေ့တွင် ဇိတံမေ အောင်ပြီ ဟု သုံးကြိမ်သံပြိုင်ရွတ်ဆိုကြပြီး ထွက်ပွဲကို ပြီးမြောက်ကြကြောင်း သိရသည်။ ယမန်နှစ်များက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ခုနှစ်တွင် ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ၊ ၂၀၂၁ခုနှစ်တွင်လည်း အကျဉ်းချုပ် ကျင်းပခဲ့ကြသဖြင့်၊ ယခုနှစ်တွင် မြို့နယ်နာယကဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ တောင်ကလပ်ဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သစ်၏ အနီးကပ် စီစဉ်ကြီးကြပ်မှုတို့ဖြင့် အောင်မြင်စွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် တော်သလင်းလပြည့်ကျော် (၁) ရက်(၂)ရက်နေ့များတွင် တစ်နေ့လျှင် လူဦးရေ (၅)သောင်းဝန်းကျင် လာရောက်ကြသဖြင့် ယာဉ်နှင့်လူများ ပြည့်ကြပ်လျက်ရှိနေပြီး၊ မော်တော်ယာဉ်ကြီးများကို ပုပ္ပားတွင်သာ ရပ်တံ့ထားစေပြီး၊ ယာဉ်ငယ်များနှင့် မော်တော်ဆိုင်ကယ်များသာ တောင်ခြေသို့ လာရောက်ခွင့်ပြုကြောင်း သိရသည်။

“ဒီနေ့က ဘိုးတော်ထွက်ပွဲနောက်ဆုံးနေ့ဆိုတော့ သံဃာအပါး(၇၀) ဆွမ်းလောင်းလှူပွဲလည်း ရှိတယ်လေ.. ဒါ့ကြောင့် လူတွေက တိုးကိုမပေါက်ဘူးဗျ…။ ကားလေးတွေနဲ့ ဆိုင်ကယ်တွေပဲ တောင်ခြေကို ဆင်းခိုင်းထားတာပဲ… ဒါကို အောင်သိဒ္ဓိ ကုန်းအဆင်း/အတက်က လူရော..ကားရော.. ဆိုင်ကယ်တွေရော..ကြပ်ညပ်ပြီးတော်တော်နဲ့ သွားလို့မရဘူး… ဒီနှစ် ဘိုးတော် ထွက်ပွဲ စည်ကားခဲ့တော့ ဒေသခံဈေးသည်တွေလည်းအဆင်ပြေကြတာပေါ့ဗျာ.. ငှက်ပျောပွဲ၊ အုန်းပွဲအတွက် အနီးပတ်ဝန်း ကျင် လျှော်တော၊ ဆီးမ၊ နတ်ကန်လည်၊ ဆုံကုန်း အဲဒီရွာတွေက ငှက်ပျောတွေကတော့ ကုန်သလောက်ရှိမှာပေါ့,… အဘကိုဆက်တဲ့ ကန်တော့ပွဲကလည်း ငှက်ပျော သုံးဖီးပါ ပွဲတစ်ပွဲကို ၈၀၀၀ကျပ်ရှိပြီး၊ ငှက်ပျော ၁၀၈ ဖီးပါ ပွဲတစ်ပွဲကို ၈ သောင်းကနေ ၁၂၀၀၀၀ ကျပ်အထိ ဈေးရှိတယ်ဗျ…ငှက်ပျော၊အုန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပန်းမာန်နံ့သာ အားလုံး အပြီး အစီးပေါ့ဗျာ…ဈေးသည်တွေရော…ဆိုင်ကယ်ကယ်ရီသမားတွေရော ဒီရက်ပိုင်းကတော့ အဆင်ပြေကြမှာပါ…” ဟု ပုပ္ပားဒေ သခံတစ်ဦးဖြစ်သူ ဦးလူဇော်က ပြောပါသည်။

နေအောင်(ပြန်/ဆက်)