နောင်ချို စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်းကျောင်းများမှ အထက်တန်းအဆင့် (၁၄)ဦးနှင့် အလယ်တန်းအဆင့်(၁၈)ဦး၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့် (၁၁)ဦးနှင့် အလယ်တန်းအဆင့်(၁၁)ဦး စုစုပေါင်း(၅၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ၌ မြို့နယ်အဆင့် ပထမရရှိသူများအား ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်ဆုရ စာစီစာကုံး စာမူများနှင့် ကဗျာစာမူများအား ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ကြွယ်ဝတိုးတက်စေရန်၊ ကမ္ဘာ့အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် ဗဟုသုတများ ရရှိစေရန်နှင့် ဆရာများ၏ ဂုဏ်ကျေးဇူးများကို အစဉ်သတိရနေစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)