သီပေါ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ယမန်နေ့ နံနက်(၉)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင် နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာလင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ အနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာ များကို သိရှိနားလည်ရှောင်ရှားတတ်ကြစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး ရှောင်ကြဉ်တတ် ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲပြုလုပ်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း အမှာ စကားပြောကြားခဲ့ပြီးနောက် “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းအန္တရာယ်၊ ရေဘေးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင် စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)