ကလော စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်ပန်းမြို့ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ဝင်းညွှန့်ဦး ဦးဆောင်၍ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကလောမြို့မရဲစခန်းအနီးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်နှင့် အမှတ်တံဆိပ် ဆိုင်းဘုတ်ပိုစတာဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဦးစီးတာဝန်ခံ ဒုရဲမှူးခိုင်လင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်နှင့် အမှတ်တံဆိပ်ဆိုင်းဘုတ်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်အနေဖြင့် လူကုန်ကူးခံရခြင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြု ရှောင်ရှားရမည့် အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေများကို ကလောမြို့နယ်ရှိ အခြေခံပညာ အထက်တန်း ကျောင်းများနှင့် အထက်တန်းကျောင်း(ခွဲ)တို့တွင် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိပြီး လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)