မုဒုံ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်များ ရရှိနိုင်ရေး၊ ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်း လမ်းတံတားများ ကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများမှ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား မီးဘေးနှင့် သဘာဝဘေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုစာရင်း ပျက်စီး၊ ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေး/ကုဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေး ဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ပညာရေးဌာနမှ ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မုဒုံသူ