လင်းခေးမြို့နယ်၌ (၂၃)ကြိမ်မြောက်၊ ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

လင်းခေး စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လင်းခေးမြို့၊  အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လင်းခေးမြို့ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ထင်စိုး၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေမိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မိုင်းပန်မြို့နယ် ကိုယ်စားပြု ဦးစိုးလွင်လွင်က “ဖိုးလမင်းကို အောင်သွယ်ခိုင်းပါ” ခေတ်ဟောင်းတေးသီချင်းဖြင့်လည်းကောင်း၊ မိုင်းပန်မြို့နယ် ကိုယ်စားပြု နန်းသွင့်ဖြူစင်နှင့် မစန်းခိုင်မိုး တို့က တစ်ပင်တိုင်အကဖြင့်လည်းကောင်း၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ် ကိုယ်စားပြု အခြေခံပညာ (အသက် ၁၀နှစ်မှ ၁၅)နှစ်) အတွင်း အဆင့် (အမျိုးသမီးများ) ကဗျာလွတ်အကများဖြင့် လည်းကောင်း၊ အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် အဆို၊ အက ဘာသာရပ်များ၌ အဆင့်အလိုက် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ လင်းခေးမြို့ အခြေချစစ်ဗျူဟာမှူးတို့က ဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ လင်းခေးမြို့ အခြေချစစ်ဗျူဟာမှူး၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မောက်မယ်နှင့် မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကြီးကြပ်သူ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

နန်းပြုံးရီ