တာချီလိတ်မြို့၌ ရေကြီးရေလျှံမှု စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော်လည်း ရေများပြန်လည်ကျဆင်း

တာချီလိတ် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သော်လည်း ယနေ့နံနက်အစောပိုင်းမှစ၍ ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ညပိုင်းအချိန်က မိုးများအဆက်မပြတ် ရွာသွန်းခဲ့ရာ ယနေ့နံနက် အစောပိုင်း ၁ နာရီကျော် အချိန်ခန့်တွင် ရေချိန်မှတ် ၃၉၀ cm ကျော် မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ် အထက်ကျော်လွန်ခဲ့ကြောင်း၊ သို့ရာတွင် နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း ဦးဆောင်သောတပ်မတော်သားများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများ၊ လူမှုကူညီရေး ပရဟိတ အသင်းဝင်များက ရေကြီးရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပေါ်တတ်သော နေရာများတွင် ကူညီကယ်ဆယ်ရေးအတွက် အသင့်စောင့်ဆိုင်းခြင်း၊ ရေကင်းများချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့တွင်းရပ်ကွက်များနှင့် လမ်းမကြီးပေါ်တွင် ရေတင်မှုများ ရှိသေးသော်လည်း ဆက်သွယ်သွားလာ လှုပ်ရှားလျက်ရှိပြီး တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ် အစည်းအဝေး ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)