မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

မိုင်းခုတ် စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး ၍ စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူကုန်ကူးမှု ဆိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုး ပြုလုပ် ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည်တို့ကို ပြုရာမှ ငွေကြေးကို သော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကို သော်လည်းကောင်း လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်းတို့ဖြစ်ကြောင်း၊ လူကုန်ကူးမှု ကိစ္စရပ်များကို တွေ့ရှိပါက အနီးဆုံး ရဲစခန်းသို့ အကြောင်းကြားရမည်ဖြစ်ကြောင်းနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေမှ ချမှတ်နိုင်သော ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြော ခဲ့ကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ပြသရာ တက်ရောက်လာ သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)