မန္တလေး၊ စက်တင်ဘာ ၁၅
မီးဘေးသင့် မိသားစုဝင်များအား အသုံးအဆောင်ပစ္စည်းများနှင့် ဆန်အိတ်များထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက် (၂၀၃)၊ ၉၁ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၌ မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသော ရန်ပြေသက်ရှည်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် စက်တင်ဘာ (၁၃) ရက်နေ့က မီးလောင်ခဲ့မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု (၃) စု မိသားစုဝင် (၂၀) ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာနက အိမ်ထောင်စုတစ်စုလျှင် အသုံးအဆောင်ပစ္စည်း (၁၇) မျိုးနှင့် ဆန်ရိက္ခာအတွက် လူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် လူဦးရေ (၂၀) ဦးစာအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အောင် မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူမြင့်နှင့် တာဝန်ရှိသူများ၊ သီရိမာလာအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းလင်းနှင့် ရာအိမ်မှူးများက ကယ်ဆယ်ရေးစခန်းတွင် မီးဘေးသင့်မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ကြခြင်းဖြစ်သည်။
အလားတူ ညနေ ၃ နာရီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဇေယျနှင့် ဦးခိုင်မြင့်၊ အောင်မြေသာစံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးနှင့် ဝန်ထမ်းများကလည်း မီးဘေးသင့်အိမ်ထောင်စု(၃)စု အတွက် ဆန်(၂၄)ပြည်ပါ ဆန်(၄)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)