ဆီဆိုင်မြို့နယ်၌ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဆီဆိုင် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ကျော်နှင့် နောင်ထော်တပ်စခန်းမှ ဗိုလ်ကြီး ဆန်းလင်းအောင်တို့က အဖွင့်အမှာစကား ပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းမှ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် တောင်ရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်လှမောင်က တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာတွင် RC နှစ်ထပ် ကျောင်းဆောင်သစ်ရရှိခြင်းနှင့် တိုက်နယ်ဆေးရုံရရှိခြင်း အထိမ်းအမှတ်အဖြစ် အမျိုးသား ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေး ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် အုပ်စု(၄)အုပ်စုပါဝင်ပြီး ပြိုင်ပွဲဝင် ဘောလုံးအသင်းပေါင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)