မချမ်းဘော့ စက်တင်ဘာ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က မချမ်းဘော့မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရဲမှူးမြင့်နိုင်ဦး က လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုနှိုင်းယှဉ်ချက်များအကြောင်း၊ လူကုန်ကူးမှုခံရနိုင်သည့် အဓိကအကြောင်းအရင်းများ၊ ပြောင်းလဲလာသည့်လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုများ၊ လူကုန်ကူးခံရခြင်းကြောင့် ထိခိုက်စေသည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုမခံရစေရေး သတိပြုရမည့်အချက်များနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်း၍ အသိပညာပေးဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေ က ကျောင်းသူကျောင်းသားများကို လူကုန်ကူးမှုဆိုင်ရာအသိပညာဗဟုသုတများရရှိအောင် အသိပညာပေးဟောပြောပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ ၁၅၀ ဦးတို့က ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင် များ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)