ပင်းတယ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားလာစေရေးအတွက် မိုဘိုင်းစနစ်ဖြင့် အထက ကြိုသက်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်၊စာစောင်များအား လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထကကြိုသက်ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင် က ကျောင်းသား၊ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဆောင်ရန်ရှောင်ရန်များ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတတ်ပညာသာမက အသိပညာပါ ရရှိစေရန် စသည်တို့ကို ပြောကြားပေးသည်။
ထို့နောက် ကျောင်းသား/သူများအား သုတ၊ရသ စာအုပ်၊စာစောင်များအား ငှားရမ်းပေးပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သက်ဆိုင်သည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများကစိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)အနေဖြင့် အလုပ်တာဝန်များကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်၊ စာစောင်များ မငှားရမ်းနိုင်သည့် ဝန်ထမ်းများ၊ ကျောင်းသား/သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ပရိသတ်၊ စာဖတ်ဝါသနာရှင်များကို သုတ/ရသစာအုပ်များအား လစဉ်လှည့်လည် အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)