နမ္မတူ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကာကွယ်ထိန်းချုပ်ရေး (Mask Campaign) နှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီခွဲအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးကြီး အတွင်း နှင့် အနီးဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကူးစက်ပြန့်ပွား မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ ဝယ်သူများ၊ မြို့မဈေးအနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အခု (၄၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို အခန်းအတွင်း၌ လူတစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ရှိနေခြင်း၊ အများပြည်သူ အသုံးပြုသော ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်ထွက်သွားလာ အသုံးပြုသော ဆေးရုံ၊ ကျန်းမာရေးဌာနများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွား ရိပ်သာ အစရှိသော လူစုလူဝေး ရှိသောနေရာများတွင် မဖြစ်မနေတပ်ဆင်ရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပို့ရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ခံယူကြရန် စသည့် အကြောင်းအရာများအား (Hand Speaker)ဖြင့် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)