ဒဂုံမြို့နယ်အတွင်းရှိ သီရိ​ဇေယျုံ​ကျောင်းတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဒဂုံ   စက်တင်ဘာ   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်၊ ပြည်အ​ရှေ့ရပ်ကွက် မြို့မ​ကျောင်းလမ်းရှိ သီရိ​ဇေယျုံကျောင်းတိုက်တွင် သန့်ရှင်းသာယာလှပစေရေးနှင့် လေကောင်းလေသန့်ရရှိရေး၊ ခြင်ကြောင့်ဖြစ်ပွားတတ်သော ကူးစက်အန္တရာယ် ကင်းဝေးစေ​ရေးအတွက် ရည်ရွယ် ၍ ယမန်နေ့နံနက် ၇နာရီမှ ၁၀ နာရီအထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်းရှိ အမှိုက်သရိုက်များ၊ ရေနုတ်မြောင်းများ၊ ရှင်းလင်းဆောင်ရွက်ခြင်း၊ မြက်ချုံများ ရှင်းလင်းခြင်းတို့ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှဝန် ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်မိ ရပ်ဖများ၊ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ လမ်းတံတားဝန်ထမ်းများ၊ ပန်းဥယျာဥ်ဝန်ထမ်းများ စုစုပေါင်းအင်အား(၇၂) ဦး ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်  ပြည်သူ့အကျိုးပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို  နံနက်စာဖြင့်  ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

​မေသန္တာ