ကမာရွတ် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကမာရွတ်မြို့နယ်ရှိ သတ်မှတ်နေရာ များတွင် ဆန်၊ ဆီ၊ ကြက်ဥများကို ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှု စစ်ဆေးကြ သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ ရောင်းချပေးလျက်ရှိရာ အိမ်ထောင်စု တစ်စုလျှင်ဆန် (၁)ပြည် ၁၆၀၀ ကျပ်ဖြင့် (၂)ပြည်နှုန်း၊ ဆီ(၅၀)ကျပ်သား ၂၆၅၀ ကျပ်၊ ကြက်ဥ(၁၀)လုံး ၁၇၅၀ ကျပ်နှုန်းထားတို့ဖြင့် ကမာရွတ်မြို့နယ် မှတ်(၆)ရပ်ကွက်၊ ပြည်ရိပ်မွန် အိမ်ရာလမ်းတွင် အိမ်ထောင်စု (၂၀၀)ကျော်တို့အား ရောင်းချ ပေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန်မှာကြားပြီး Mask များ ဝေငှပေးကြသည်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ကမာရွတ်မြို့နယ်သို့ ရောက်ရှိစဉ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း ဘောလုံးကွင်းအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက မြက်ပင် ချုံနွယ်များရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝင်းအတွင်း အုပ်မိုးကိုင်းများ၊ တွယ်ကပ်ပင်များ ခုတ်ထွင်ရှင်းလင်းရန်၊ ကျောင်းအုတ်နံရံရှိ ရေညှိများ၊ ချေးများအား တိုက်ချွတ်ရေဆေးပြီး ပြန်လည်ဆေးသုတ် ရန် မှာကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)