ပြင်ဦးလွင်မြို့နယ်တွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ (TOT) သင်တန်း ဖွင့်လှစ်

ပြင်ဦးလွင်   စက်တင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မြန်မာ-ခါနန် တောင်သူ လယ်သမားများ နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် “မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ (TOT) သင်တန်း ”  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး၊ စိုက်ပျိုးရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ဦးစီးမှူး ဦးဖုန်းမောင်၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦး၊ သင်တန်းနည်းပြ ဆရာ/ဆရာမ များနှင့် သင်တန်းသားများ စုံလင်စွာ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး က မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှုများ ဖွံ့ဖြိုးရေးအတွက် တောင်သူများနှင့် ပုဂ္ဂလိကခြံပိုင်ရှင်များ၏ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များကို စနစ်တကျကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဒေသအသီးသီးတို့မှ တိုးချဲ့စိုက်ပျိုးရေးပညာရှင်များကို ဖိတ်ခေါ်ကာ ယခုသင်တန်းကို ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ သင်ယူရရှိသော နည်းပညာများကို မိမိတို့ ဒေသရှိ မက္ကဒေးမီးယားစိုက်ပျိုးသူများထံသို့ တစ်ဆင့် ပြန်လည်မျှဝေပေးနိုင်သည်အထိ လေ့လာသင်ယူ သွားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။ 

ထို့နောက် ခရိုင်ဦးစီးမှူး ဦးဖုန်းမောင် က ပြင်ဦးလွင်ဒေသရှိ ကော်ဖီစိုက်ခင်းများတွင် မက္ကဒေးမီးယားကို အရိပ်ရအပင်အဖြစ် စိုက်ပျိုးမှုကြောင့် ဝင်ငွေနှစ်မျိုးရရှိအောင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သင်တန်းသားများအား တူညီဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၏ “မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း” အထောက်အပံ့ဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရံပုံငွေအစီအစဉ်အရ ဆောင်ရွက်သည့် သင်တန်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသား (၂၇) ဦး ပါဝင်တက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား စက်တင်ဘာလ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး  စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများသင်ကြားခြင်းနှင့် အောင်မြင်နေသော ပုဂ္ဂလိက မက္ကဒေးမီးယားခြံများအား လေ့လာရေးပို့ဆောင်ပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)