(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူခရိုင်မှ ပြိုင်ပွဲဝင်များ စစ်တွေမြို့သို့ထွက်ခွာ

ကျောက်ဖြူ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောက်ဖြူ ခရိုင်မှ ပြိုင်ပွဲဝင်များသည် ယမန်နေ့ နံနက် (၁၁)နာရီက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် ထွက်ခွာကြမည်ဖြစ်ရာ ၎င်းပြိုင်ပွဲဝင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆိုကရေးတီး ကော်မတီအသီးသီးမှ အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများမှ လိုက်ပါပို့ဆောင်ကြပြီး အားပေးစကားပြောကြားကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့ထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောက်ဖြူခရိုင် ကိုယ်စားပြု အဆိုပြိုင်ပွဲဝင်(၁၇)ဦး၊ အကပြိုင်ပွဲဝင် (၁၈)ဦး၊ အတီးပြိုင်ပွဲဝင်(၂)ဦး၊ အကနည်းပြ(၂)ဦးနှင့် အုပ်ထိန်းသူ(၅)ဦး၊ စုစုပေါင်း (၄၄)ဦးတို့မှာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကျောက်ဖြူမြို့ အမှတ်(၃)ဆိပ်ကမ်းမှ ရွှေပြည်တန်အမြန် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာသွားပြီဖြစ် ကြောင်း သိရသည်။      

တင်ထွန်းဦး၊ ဖြိုးဝေလင်း