ကျိုင်းတုံမြို့၌ ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ

ကျိုင်းတုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း၊ ကျိုင်းတုံမြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။

မြေစိုက်ပိုစတာ စိုက်ထူပွဲတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ၊ တပ်ဖွဲ့စု(၁၈)ကျိုင်းတုံမှ ဒုတိယရဲမှူး အောင်ကျော်ဇင် နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်ဌာန)နှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ ကို စုပေါင်းစိုက်ထူ၍  ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

မြေစိုက်ပိုစတာတွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့ ဆောင်ပုဒ်နှင့် လူကုန်ကူးမှုကိစ္စရပ်များကို သံသယရှိပါက အနီးဆုံးရဲစခန်းများ (သို့မဟုတ်) အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များပါရှိပြီး အဆိုပါ မြေစိုက်ပိုစတာများကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကျိုင်းတုံမြို့နယ်အတွင်း မြို့အဝင်ဂိတ်များ၊ အဝေးပြေးကားဂိတ်၊ လေဆိပ်နှင့် လူစည်းကားသည့်နေရာများတွင် စိုက်ထူပေးထားကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)