စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သော မင်းလှကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

 စဉ့်ကိုင် စက်တင်ဘာ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကန်ကြီးကျေးရွာအတွင်းရှိ  သဘာ၀ရေပြင်ဖြစ်သော မင်းလှကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးအောင်သူ၊ စဉ့်ကိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသံချောင်းနှင့်  အဖွဲ့၀င်များ၊  ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ စခန်းတာ၀န်ခံ ဒေါ်ခိုင်ခိုင်၀င်းနှင့် ၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊   ကူမဲငါးလုပ်ငန်း စခန်းတာ၀န်ခံဦးစောအောင်ကိုလတ်နှင့် ၀န်ထမ်းများက  ငါးမြစ်ချင်း သုံးသိန်း မင်းလှကန်အတွင်း  စိုထ်ထည့်ပေးခဲ့ကြသည်။ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊  သဘာ၀အတိုင်း ငါးမျိုးပေါက်ဖွားစေရန် ရည်ရွယ်ပြီး စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း၊  မန္တလေးတိုင်းဒေသကြီးအနေဖြင့် ငါးမျိုးသိန်းနှစ်ရာ့လေးဆယ်လျာထားပြီး ယနေ့အထိ သိန်းခုနှစ်ဆယ်  ပတ်၀န်းကျင် စိုက်ထည့်ပေးပြီးဖြစ်ရာ   ကူမဲငါးလုပ်ငန်းစခန်းအနေဖြင့် ယနေ့အထိ သိန်းလေးဆယ်ထိ  ငါးမျိုးများစိုက်ထည့်ပေးပြီး ဖြစ်ကြောင်း   စခန်းတာ၀န်ခံဦးစောအောင်ကိုလတ်ထံက သိရသည်။

စန္ဒာအေးအောင်(ပြန်/ဆက်)