မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးခြင်းများဆောင်ရွက်

မိုးနဲ  စက်တင်ဘာ   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို လူစည်ကားရာ နေရာများ ဖြစ်သော နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်းမကြီး မိုးနဲမြို့တွင်း လမ်းဆုံ နေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က ပူပေါင်းအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးတိုးဝင်းဖေနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊လူမှုရေးအသင်း အဖွဲ့များက နှာခေါင်းစည်း ၅၀၀ ကျော်ကို ဖြန့်ဝေပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)