​မုဒုံမြို့နယ် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မုဒုံ စက်တင်ဘာ ၁၀      

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခန့်က မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းယုက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် အမှတ်(၉)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဒေါ်သီဝေစိုးက လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့်  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေများကို အသိပညာပေးဟောပြောပြီးနောက် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား  ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသူများမှ လူကုန်ကူးမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မုဒုံသူ