ညောင်ရွှေမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြော

ညောင်ရွှေ     စက်တင်ဘာ     ၁၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် ကွင်းဆင်းအသိပညာပေး ဟောပြောခြင်း ကို ယမန်နေ့ နံနက် (၁၀)နာရီခွဲခန့်က ညောင်ရွှေမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များ အကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းပပျောက် စေရေး၊ ဘိန်းအစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုး ရေးအကြောင်းနှင့် မှုခင်းကျဆင်းရေးအ ကြောင်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး ညောင်ရွှေမြို့နယ်၊ စံကားရဲကင်းမှူး ရဲအုပ် တင်မောင်အေးက မူးယစ်ဆေးဝါး ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးနှင့် ဒေသတွင်း မှုခင်းကျဆင်းရေးအကြောင်းများကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ လွယ်မွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။      

စိုင်းအယ်ဘဲ