တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ    စက်တင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် ယနေ့နံနက် (၁၀:၀၀)အချိန်က ကျောင်းသား/ သူများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင် က ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အကြောင်း အရာများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လက္ခဏာများ၊ ရောဂါဖြစ်ပွားစဉ် ဂရုပြုရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကြောင်း သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ကျန်းမာရေးကုသမှုခံယူရန်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးခြင်းနှင့် လူစုလူဝေးများကိုရှောင်ရှားရန် စသည့်အချက်များကို ဆွေးနွေးဟော ပြောရာ တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ သူများအား လက်သင်္ကေတဖြင့် သရုပ်ပြပေးခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)တွင် ပညာသင်ကြားနေကြသော ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ကျင်းပသည့် ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၆၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မို့မို့အောင်(ပြန်/ဆက်)