ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်

ပုဇွန်တောင် စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက အမှတ် ၉ ရပ်ကွက် အိမ်ကြီးလမ်းရှိ ပျံကျစျေးသည်များနှင့် ရေကျော်စျေးအတွင်းရှိ စျေးသည်များနှင့် စျေးဝယ်များအား အသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်သာယာရေးမှ EO နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ကျန်းမာရေးတာဝန်ခံ၊ ရေကျော်စျေးတာဝန်ခံတို့က စျေးရောင်းချသူများ၊ စျေးသွားစျေးလာများအား ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး Mask များ ဝေငှခဲ့ကြောင်းသိရသည်။

ဟန်စုယဉ်