တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား  စက်တင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က တံတားမြို့အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာအသိပညာများ ရရှိစေရန်နှင့် မှတ်သားလိုက်နာတတ်စေရန် ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေလာခဲ့ကြောင်း သိရသည်။

မိုးဖြူလွင် ( တံတား )