ပြင်ဦးလွင် စက်တင်ဘာ ၉
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့၊ ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ပြင်ဦးလွင်မြို့နယ် ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်ဇော်မြင့် ဦးဆောင်သော ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ရဲမှူးကျော်ဇေလှနှင့် သတင်းရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရဲတပ်ဖွဲ့ဝင်များက သွေးလှူဒါန်းမှုဆောင်ရွက်နိုင်ရန် လိုအပ်သည့် သွေးပေါင်ချိန်နှင့် ကိုယ်အလေးချိန်များ စိစစ်မှုကိုခံယူကြပြီး သတ်မှတ်နေရာအသီးသီးတွင် သွေးလှူဒါန်း ခဲ့ကြသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ရဲမှူးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေမှု များကို လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားကြပြီး ကြက်ဥနှင့် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယနေ့စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့၊ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအပါအဝင် စုစုပေါင်း (၁၅) ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)