အမရပူရ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာ၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် အမရပူရမြို့နယ် စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်တေဇနှင့် အတွင်းရေးမှူး ရဲမှူးမျိုးလွင်အောင်တို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကို ပြောကြားခဲ့သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာကလိုအပ်သည့် စိုက်ပျိုးရေ ရေအလုံအလောက် ရရှိရေး၊ ဓါတ်မြေသြဇာရရှိရေး၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်ကတ်ပြားရရှိရေး၊ ပညာရေးဆရာများ ဖြည့်တင်းနိုင်ရေး စသည့်အချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့် တစ်နှစ်အောက်ကလေး မိခင်များအတွက် ကြက်ဥများနှင့် ကျေးရွာအတွက် နှာခေါင်းစည်း Mask များကို ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကျန်မာရေးဦးစီးဌာနက ကျေးရွာအတွင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူများ၊ နှစ်ကြိမ်ထိုးပြီး ၆ လကျော်သူများအား ထပ်ဆောင်း ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ပြီး တိုက်နယ်ဆေးရုံသို့ သွားရောက်ကာ တက်ရောက် ကုသလူနာများကို ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)