မန္တလေး၊ စက်တင်ဘာ ၁၅
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ သင်တန်းသားများဖြစ်ကြသော ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးနှင့် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်တို့က အမှာစကားအသီးသီးပြောကြားကြသည်။
ထို့နောက် သင်တန်းကိုစတင်ပို့ချရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာ ဗျူဟာ စီမံကိန်းပန်းတိုင်များ ဘာသာရပ်အား လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမင်းသူ ကလည်းကောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်မှုများ ဘာသာရပ်အား မြို့နယ်ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးနေမျိုးထွန်းကလည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ ကြိုတင်မဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းဘာသာရပ်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်သင်းကလည်းကောင်း၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ အခန်းကဏ္ဌ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ပြည်သူလူထု မဲဆန္ ဒရှင်များသို့ အသိပညာပေးခြင်း၊ မီဒီယာနှင့်ဆက်သွယ်ပြန်ကြားခြင်း ဘာသာရပ်အား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါ်သင်းသင်းစိုးကလည်းကောင်း သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်တန်းပို့ချကြသည်။
အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် (၂) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပထမရက်တွင် သင်တန်းသား (၂၇) ဦး၊ ဒုတိယရက်တွင် သင်တန်းသား (၃၀) ဦးတို့ကို နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)