ကျောက်ဖြူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်

ကျောက်ဖြူ စက်တင်ဘာ ၉

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့်သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက” ဝ ထ က လ သ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရာများ၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြပုံများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၁)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ပွင့်ဖြိုးပိုင်၊ အထက(၂)မှ အထက်တန်းပြဆရာမ ဒေါ်မြနွယ်နှင့် အထက(၃)မှ အထက်တန်းပြဆရာ ဦးကျော်မင်းထွန်းတို့က နိုင်ငံတကာစာတတ်မြောက်ရေးနေ့နှင့် ပတ်သက်၍ အကျယ်တဝင့် ‌ဟောပြောခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးမှူးမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လေးဝတီ သီချင်းကိုသီဆိုကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)