နောင်ချိုမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

နောင်ချို စက်တင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် များဖြစ်သည့် ဘူတာရပ်ကွက်နှင့် ပါဟတ်ရပ်ကွက်များသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်မိုးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဟေသီဦးတို့က ဘူတာရပ်ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂)ဦးနှင့် ပါဟတ်ရပ်ကွက်ရှိ ဘိုးဘွား(၂)ဦး   တို့အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လများအတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀/-နှုန်းဖြင့်  စုစုပေါင်းငွေကျပ် ၁၂၀၀၀၀/-ကိုသက်ကြီး ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး နောင်ချိုမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၃၄၂)ဦးရှိပြီး ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)