ရန်ကင်း စက်တင်ဘာ ၉
ရန်ကင်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆန်တစ်ပြည်လျှင်(၁၆၀၀)ကျပ်၊ ဆီတစ်ပိဿ ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံး ၁၇၅/-ကျပ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို အများပြည်သူများသက်သာချောင်ချိရေးအတွက် ယမန်နေ့နံနက် ၁၀:၃၀ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက်စားသုံးသူပြည်သူများမှ ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးနေမှုအပေါ် အားရဝမ်းသာမိပါကြောင်းနှင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်တော့ဘဲ အချိန်ကုန် စျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်သည့်အတွက် စီစဉ်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း ထိုကဲ့သို့ ရောင်းချပေးမှုကို နှစ်ပတ်တစ်ကြိမ်လောက် လုပ်ဆောင်ပေးချင်ပါကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် လိုက်လံရောင်းချပေးလျက်ရာ စျေးနှုန်းသက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရကျိုး နပ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း ဖြေရှင်းပေးရာရောက်သဖြင့် ကုသိုလ်များလည်းရရှိ၍ ကျေနပ်အားရမှုရှိပါကြောင်း ပြောကြားခဲ့သည်ကို သိရှိရသည်။
သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။
အိရွှေစင် (ပြန်/ဆက်)