မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ကျေးရွာအရောက် လှည့်လည်နှိုးဆော်

မိုင်းစံ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန် က ကျေးရွာများ အရောက် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရုပ်/သံဝန်ထမ်းတို့ပူးပေါင်းပြီး မိုင်းစံအုပ်စု ဟန်နားကျေးရွာ၊ နောင်ဟိုင်းကျေးရွာနှင့် နားခါးကျေးရွာများ အရောက် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး တို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း (mask)များ တပ်ဆင်ပြီးမှသွားလာကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ရပ်ဝေးခရီးသွား များ ဝင်ရောက် လာသူများရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ် အကြောင်း ကြားကြရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ခင်ချို (ပြန်/ဆက်)