မိုင်းဆတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ မာလ်တေဆာ(NGO) အဖွဲ့အစည်းမှ ပြုလုပ်သည့် တောထိုင်ဓလေ့ကင်းစင်သော ကျေးရွာဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက နားယန်း(၁) ကျေးရွာတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်လင်းထိုက်က လူသား မျိုးနွယ်အနေဖြင့် ကျောက်ခေတ်၊ ကြေးခေတ်မှသည် ယနေ့ချိန်ခါအထိ အသိဉာဏ်ပညာ၊ ယဉ်ကျေးမှုအဆင့်အတန်း၊ လူနေမှုအဆင့်အတန်းများ မြင့်မားတိုးတက်လာစေရန် ကြိုးစားအားထုတ် နေထိုင်လာကြကြောင်း၊ ကူးစက်ရောဂါဖြစ်ပွားခြင်းမှာ ယင်နှင့် အခြားပိုးမွှားများက လူနှင့် လူ့အသုံးအဆောင်များကို ထိတွေ့ရာမှ ပြန့်ပွားတတ်ကြောင်း၊ ကူးစက်ရောဂါများ မဖြစ်စေရန် မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာများတွင် ယင်လုံအိမ်သာ တည်ဆောက်သုံးစွဲသင့်ကြောင်း၊ ကျေးရွာနေပြည်များအနေဖြင့် မိမိတို့ပတ်ဝန်းကျင် တောထိုင်သည့်ဓလေ့များ ပပျောက်စေရန် မာလ်တေဆာ(NGO) အဖွဲ့အစည်းမှ စီမံကိန်းချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ညေးစေက ယင်လုံအိမ်သာအသုံးပြုခြင်းကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငမ်းဖျားရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်းရှင်းလင်းပြောကြားပြီး WASH and Development Team Leader ဦးထွန်းမြင့်က တောထိုင်ဓလေ့ကင်းစင်သော နားယန်း(၁)ကျေးရွာအား ဂုဏ်ပြုစကား ပြောကြားကာ တောထိုင်အလေ့ အကျင့်များရှိနေဆဲဖြစ်သည့် ကျေးရွာများအား တောထိုင်အလေ့အကျင့်များ ကင်းစင်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်ညေးစေက တောထိုင်ဓလေ့ကင်းစင်သည့် နားယန်း (၁)ကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယောလှက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)