ဒဂုံ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ခြင်မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ဒဂုံမြို့နယ်အနောက်ရပ်ကွက်၊ အလုံလမ်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဇာတ်သဘင်ခန်းမနှင့် ဝန်ထမ်းအိမ်ရာများတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဌာနမှူးဦးဆောင်ကြပ်မတ်၍ ခြင်ဆေးများမှုတ်ခြင်း၊ အဘိတ်ဆေးများခပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထိုကဲ့သို့ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြခြင်းသည် ပြည်သူများ၏ ကျန်းမာရေး မြို့နယ်သန့်ရှင်းသာယာလှပရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် မြို့နယ်အတွင်းနေရာအနှံ့ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မေသန္တာ