ကျောက်တံတား စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ကျောက်တံတားမြို့နယ်တွင်လည်း အမှတ်(၃)ရပ်ကွက်၊ ဓမ္မံရံသီဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ကျောက်တံတားမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်စိန်ဦးဆောင်သောအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅/- ကျပ်၊ စားဆီတစ်ပိဿာလျှင် ၅၃၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)