လူမှုကူညီရေး ပရဟိတအသင်းများမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပံ့ပိုးကူညီနိုင်ရေးဆွေးနွေး

ကျောက်ပန်းတောင်း စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူမှုကူညီရေးပရဟိတအဖွဲ့များမှ ဆောင်ရွက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံများ လည်ပတ်နေဆောင်ရွက်နေမှု အခြေအနေများကို၊ ယနေ့နံနက် (၁၀) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ထူးမြတ်လိုက်ပါလျက် ကျောက်ပန်းတောင်းမြို့ သုဂတိရှင်နာမှုကူညီရေးအသင်းမှ ဆောင်ရွက်လျက်ရှိသည့် အောက်ဆီဂျင်ထုတ်စက်ရုံနှင့် အောင်မင်္ဂလာရပ်ကွက် စိတ္တပါလဂူကျောင်းအနီးရှိ အောက်ဆီဂျင်ထုတ်စက်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နေ့စဉ်ထုတ်လုပ်နိုင်မှု အခြေအနေနှင့် ရေရှည်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ အောက်ဆီဂျင်လိုအပ်ချက်ရှိသူများကို အောက်ဆီဂျင်အိုးများ ငှားရမ်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းပြီး ရေရှည်ရပ်တည်ထောက်ပံ့နိုင်ရေး လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပရဟိတအဖွဲ့များမှ  မြို့မိမြို့ဖများ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ် စက်ရုံ (၂) ရုံ တည်ဆောက်ထားရှိပြီး လျှပ်စစ်မီးပုံမှန်ရရှိမည်ဆိုပါက သုဂတိရှင်နာမှုကူညီရေးအသင်းရုံးတွင် ဆောင်ရွက်နေသည့် စက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် (၄၀) လီတာဝင်အိုး (၈၀) အိုး(လီတာ ၃၂၀၀) ထုတ်လုပ်ပေးနိုင်ပြီး စိတ္တပါလဂူကျောင်းအနီးရှိ စက်ရုံမှ တစ်နေ့လျှင်(၄၀)လီတာဝင်အောက်ဆီဂျင်အိုး (၉၀) အိုး (လီတာ ၃၆၀၀) ထုတ်လုပ်ပေးနိုင်ကြောင်း သိရပြီး၊ အောက်ဆီဂျင်လိုအပ်သူများအတွက် အိုးငယ်များကို အလှူငွေထည့်ဝင်စေ၍ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)